ကလေးတွေ ဝမ်းချုပ်ရင်
ဝမ်းချုပ်ရင် လူကြီးတွေတောင် မအီမသာဖြစ်ပြီး အတော်နေရခက်တာပါ။ ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ဖြစ်နေမှန်း မသိတတ်၊ မပြောတတ်တဲ့ ကလေးတွေမှာဆိုရင် ပိုပြီးခံရဆိုးပါလိမ့်မယ်။ ကလေးတွေ ဝမ်းချုပ်တာဟာ ကင်ဆာရောဂါတွေ ဘာတွေကြောင့် ဖြစ်နိုင်ခြေမရှိပေမယ့်လည်း ဖေဖေမေမေတို့ စိတ်ညစ်ရစိတ်ပူရတဲ့ ပြဿနာတစ်ခု ဖြစ်တာတော့ အမှန်ပါပဲ။
ကလေးတွေမှာ ဝမ်းချုပ်ရင် ဘာတွေဖြစ်မလဲ?
- ဝမ်းချုပ်တယ်ဆိုတာ တစ်ပတ်မှာ သုံးကြိမ်နဲ့အောက်သာ ဝမ်းသွားတာကို ဆိုလိုပါတယ်။
- ဝမ်းသွားရတဲ့အခါမှာလည်း မာကျောခြောက်သွေ့ပြီး ဝမ်းသွားရဖို့ ခက်ခဲကာ မနည်းညှစ်နေရတာမျိုးပါ။
- ဝမ်းသွားနေစဥ်မှာ စအိုတစ်ဝိုက်က နာကျင်တာလည်း ရှိပြီး ဝမ်းမာကျစ်ကျစ်တွေက စအိုကိုထိုးခွဲပြီး ထွက်လာရလို့ သွေးတစ်ချို့ကိုလည်း ဝမ်းနဲ့ရောလျက် တွေ့ရနိုင်ပါတယ်။
- ဝမ်းမသွားတဲ့ အချိန်တွေမှာ အစာအိမ်နေရာက အောင့်နေတတ်ပါတယ်။
သေချာမပြောတတ်ပေမယ့်လည်း ဝမ်းချုပ်တတ်တဲ့ ကလေးတွေဟာ
- ဝမ်းသွားရင် နာတတ်တော့ ဝမ်းသွားဖို့ ကြောက်နေတတ်တာ၊ ဝမ်းသွားဖို့ ငြင်းဆန်နေတာ
- ဝမ်းသွားရင် ခြေကိုလိမ်ထားကျစ်ထားတာ
- တင်ပါးကို ကျုံ့ထားတာ
- ခန္ဓာကိုယ်ကို တွန့်လိမ်ပြီး ဝမ်းမထွက်အောင် တင်းခံထားတာ
- မျက်နှာက ရှုံ့မဲ့နေတတ်တာတွေကို ကြည့်ခြင်းအားဖြင့် ကလေးဟာ ဝမ်းချုပ်နေတာ သိသာနိုင်ပါတယ်။
ဘယ်လိုကလေးတွေမှာ အဖြစ်များသလဲ?
- ဆော့နေတုန်း၊ တီဗွီကြည့်နေတုန်းမှာ ဝမ်းမသွားအောင် ချုပ်တီးထားလေ့ရှိတဲ့ကလေးတွေ
- ခရီးဝေးသွားတဲ့အခါ အများသုံးအိမ်သာ မသုံးတတ်လို့ ချုပ်တီးထားတဲ့ကလေးတွေ
- အမျှင်ဓာတ်နဲ့ အသီးအရွက်မစားတဲ့၊ ရေများများမသောက်တဲ့ ကလေးတွေ
- နို့နဲ့ အရည်ပဲတိုက်နေရာက ဖြည့်စွက်စာနဲ့ ထမင်းစပြောင်းကျွေးခါစ ကလေးတွေ
- အိမ်မှာအမြဲနေရာက မူကြိုနဲ့ ကျောင်းစတက်ပြီး ပတ်ဝန်းကျင်အပြောင်းအလဲမှာ အိမ်သာသွားဖို့ အသားမကျသေးတဲ့ ကလေးတွေ
- နို့နဲ့ဓာတ်မတည့်တဲ့၊ နို့နဲ့နို့ထွက်ပစ္စည်းအများကြီး စားသောက်တဲ့ကလေးတွေ (ဝမ်းချုပ်တတ်သလို ဝမ်းလည်းလျှောတတ်ပါတယ်)
- မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်တာမို့ မိဘမျိုးရိုးမှာ ဝမ်းချုပ်ကျင့်ရှိတဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။
- တချို့ဆေးတွေကလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းချုပ်တာရှိတတ်လို့ သောက်သုံးနေတဲ့ ဆေးတွေရဲ့ အညွှန်းကိုလည်း သေချာလေ့လာသင့်ပါတယ်။
- နောက်တစ်ခုကတော့ ဖြစ်တာရှားပါးပေမယ့်လည်း အစာအိမ်နဲ့ အူလမ်းကြောင်း ပုံမှန်မဟုတ်တာ၊ စအိုက မွေးရာပါချို့ယွင်းချက်ရှိတာနဲ့ အူစွပ်တာ၊အူပိတ်တာမျိုးကြောင့်လည်း ဝမ်းချုပ်တတ်ပါသေးတယ်။
စိုးရိမ်ရတဲ့ လက္ခဏာတွေက ဘာလဲ?
- အကယ်၍ ကလေးက အစာမစားဘူးဆိုရင်
- အဖျားရှိရင်
- ဝမ်းသွားတဲ့အခါ သွေးပါလာရင်
- ဝမ်းဗိုက်က ဖောင်းလာရင်
- ကိုယ်အလေးချိန်ကျလာရင်
- ဝမ်းသွားပြီးတဲ့အခါ စအိုအတွင်းက အစိတ်အပိုင်းတစ်ခုခုက အပြင်ကို ထွက်ကျလာတာမျိုးဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
ဝမ်းချုပ်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ဝမ်းသွားရင် နာတာ၊ စအိုကွဲသွားပြီး အသားမာတတ်ကာ အသားပိုလေးလို ဖြစ်လာတာ၊ အစာဟောင်းအိမ်က အပြင်ကို ကျွံလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
အူစွပ်တာ၊ အူပိတ်တာကြောင့် ဝမ်းချုပ်တာဆိုရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်နိုင်ပါတယ်။
ကာကွယ်ဖို့အတွက်ဆိုရင်တော့
- ကလေးကို ရေများများသောက်ခိုင်းပါ။
- အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ များများကျွေးပါ။
- ကိုယ်လက်လှုပ်ရှားလုပ်ခိုင်းပါ။
- ဝမ်းသွားကျင့် လုပ်ပေးပါ။
- ကစားနေစဥ်၊ တီဗွီကြည့်နေစဥ် ဝမ်းသွားဖို့ သတိပေး၊ အားပေးပါ။
- ဝမ်းကိုချုပ်ထားတဲ့ အကျင့်ပျောက်အောင် ဝမ်းသွားပြီးတိုင်း ချီးကျူးပေးပါ၊ ဆုပေးတာမျိုးလုပ်ပါ။
- ကလေးကိုတိုက်တဲ့ အားဆေးတွေ၊ ဆေးတွေမှာ ဝမ်းချုပ်စေတာမျိုးပါနေသလား သတိထားပါ။
ဒါဆိုရင်တော့ ကလေးတွေ ဝမ်းချုပ်လို့ စိတ်ညစ်နေရတဲ့ ဖေဖေမေမေတို့အတွက် အထောက်အကူဖြစ်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်